စင်္ကာပူကို ပညာသင်ဖို့ ရွေးချယ်ကြရာတွင် အထူးသဖြင့် လုံခြုံ စိတ်ချမှုရှိခြင်း၊ (၂) နာရီ (၄၅) မိနစ် ခရီးခန့်သာ ရှိသဖြင့် မိဘများအနေဖြင့် အချိန်မရွေး လိုက်ပါနိုင်ခြင်း၊ ဩစတြေးလျ၊ အင်္ဂလန်မှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့များကို ကုန်ကျစရိတ် သက်သာစွာဖြင့် စင်္ကာပူ နိုင်ငံတွင် တက်ရောက် ရယူနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

စင်္ကာပူတွင် ပညာသင်ကြားမည်ဆိုပါက အစိုးရကျောင်းပညာ ရေးလမ်းကြောင်းနှင့် ပုဂ္ဂလိက ကျောင်း ပညာရေးလမ်းကြောင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး ပညာသင်ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ တရားဝင် အချိန်ပိုင်းအလုပ်လုပ်နိုင်ခြင်း၊ ကျောင်းပြီးသောအခါ အလုပ်အကိုင် လျှောက်ထားဖို့ လွယ်ကူခြင်း စသည့်အချက်များကြောင့် အစိုးရပညာရေးလမ်းကြောင်းများကို စိတ်ဝင်စားမှု ပိုခဲ့ကြသည်။ အစိုးရကျောင်းများအနေဖြင့်လည်း ပညာရေးဆိုင်ရာ မှတ်တမ်းများတွင် ထူးချွန်သူများထဲမှ အတော်ဆုံးကျောင်းသားများကို ရွေးချယ်ခေါ်ယူလေ့ ရှိသဖြင့် ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုများကာ နှစ်စဉ်ခက်ခဲလေ့ ရှိသည်။ ယခင်နှစ်များက အစိုးရကျောင်းများမှ ပြီးဆုံးပါက ရရှိနိုင်သော PR (Permanent Resident) အတွက် ၂၀၁၂ မှစ၍ အာမခံ ချက် မရရှိတော့ခြင်း၊ ဝင်ခွင့်ရရှိရန် ခက်ခဲလာခြင်း၊ ပုဂ္ဂလိက ပညာရေး လမ်းကြောင်းများမှ (၃) နှစ်နှင့် ဘွဲ့ဒီဂရီ ရရှိနိုင်သော်လည်း အစိုးရ ပညာရေး လမ်းကြောင်းမှ ဘွဲ့ရရှိရန် (၅) နှစ်မှ (၆) နှစ်ခန့်အထိ ကြာခြင်း၊ မိမိတို့ စိတ်ကြိုက် ဘာသာရပ်များကို ရွေးချယ် သင်ယူခွင့် မရနိုင်ခြင်း စသည့်အချက်များကြောင့် အများစုမှ ပုဂ္ဂလိက ပညာရေးလမ်း ကြောင်းမှသာ လျှောက်ထားသင်ယူလေ့ ရှိကြသည်။

စင်္ကာပူအစိုးရကျောင်းများ

စင်္ကာပူအစိုးရကျောင်းများသို့ လျောက်ထားရာတွင် သတိထားရမည့် အချက် အချို့ ကို ဖေါ်ပြအပ်ပါသည်။အစိုးရကျောင်းများအနေဖြင့် ပိုလီ (၅) ကျောင်းနှင့် တက္ကသိုလ် (၄) ခု ရှိသည်။

ပိုလီ (၅) ကျောင်းများမှာ –

(1) Singapore Poly
(2) Ngee Ann Poly
(3) Nanyang Poly
(4) Temasek Poly နဲ့
(5) Republic Polyတို့ဖြစ်ပြီး

စင်္ကာပူအစိုးရတက္ကသိုလ်များအနေဖြင့် –

(1) National University of Singapore
(2) Nanyang Technological University
(3) Singapore University of Technology and Design (SUTD) နှင့်
(4) Singapore Management University တို့ ဖြစ်သည်။

ပိုလီကျောင်းများဝင်ခွင့်အတွက် မြန်မာနိုင်ငံသားများလျောက်ထားရာ ခါတိုင်းနှစ်များထက် ဝင်ခွင့်ပိုခက်လာသည်။ အဓိကအချက်မှာ သူ့နိုင်ငံသားများအတွက် ဦးစားပေးစနစ်များ အတွက်ကြောင့် ဖြစ်သလို လျောက်ထားသည့် ကျောင်းသား၏ ပညာရေးအရည်အချင်း
ကြောင့်လည်းပါဝင်သည်။ ဥပမာ မြန်မာနိုင်ငံမှ iGCSE Cambridge စာမေးပွဲလက်မှတ်ကို ဖြေဆိုလျောက်ထားကြသည်ဆိုရာတွင်၊ စင်ကာပူအစိုးရနှင့် Cambridge Exam တို့ပူးပေါင်း ကျင်းပစစ်ဆေးသည့် Singapore-Cambridge O Level လက်မှတ်များကိုသာ ဦးစားပေး စဉ်းစားသည့် မြန်မာနိုင်ငံမှာလျောက်ထားသူများဝင်ခွင့်ခက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ (၁၀) တန်း အမှတ်ဖြင့်လျောက်ထားသူများအနေဖြင့်လည်း ပိုလီကျောင်းများ၏ တရားဝင် ဝက်ဆိုက်များတွင် ဖေါ်ပြထားသည့် အမှတ်များနှင့် လက်တွေ့ဝင်ခွင့်လျောက်ထားရာတွင် ခွင့်ပြုသည့် အမှတ်များ ကွာဟမှုအများအပြားရှိသည်။

(၂၀၁၆ ခုနှစ်မှစပြီး ပိုလီကျောင်းများ မြန်မာနိုင်ငံတွင် စာမေးပွဲ လာရောက် မစစ်ဆေး ပေးတော့ဟု သိရသည်။ ပိုလီကျောင်းများသို့ လျှောက်ထားလိုသူများ မိမိတို့ရမှတ်များကို အင်္ဂလိပ်ဘာသာ နိုတြီ ပြန်ဆိုလျက် ကျောင်းများသို့ တိုက်ရိုက် ပေးပို့ စုံစမ်းလျှောက်ထားနိုင်ကြပါသည်။)

အစိုးရတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ iGCSE (GCE O Level) အမှတ်များဖြင့် တိုက်ရိုက် ဝင်ခွင့် လျောက်ထား မရနိုင်ပါ။ ၂၀၁၆ ဝင်ခွင့် မှတ်တမ်းများအရ မြန်မာ (၁၀)တန်း အဆင့် ဖြင့်လည်း အမှတ် (၅၀၀)ကျော်ရသည့်တိုင် တိုက်ရိုက်ဝင်ခွင့်ရရှိရန်အလွန်ခဲယဉ်းသည်။ အဆိုပါတက္ကသိုလ်များ၏ ဝင်ခွင့်ကို စင်္ကာပူနိုင်ငံအစိုးရကျောင်းများဖြစ်သည့် Junior College တွင် Singapore အစိုးရနှင့် Cambridge အစိုးရတို့ ပူးပေါင်းစစ်ဆေးသည့် Singapore-Cambridge GCE”A” စာမေးပွဲ ဖြေဆိုထားသူများကိုဦးစားပေးခေါ်ယူသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံတွင် ဖြေဆို၍မရနိုင် သကဲ့သို့ စင်္ကာပူရှိ ပုဂ္ဂလိက ကျောင်းများ တွင်လည်း တက်ရောက်မရနိုင်ပေ။

စင်္ကာပူပုဂ္ဂလိကကျောင်းများ

နောက်လမ်းကြောင်းတစ်ခုအနေဖြင့် EduTrust လက်မှတ်ရ Private Education Institution ကျောင်းများတွင် တက်ရောက် ပညာသင်ယူနိုင်သည်။

စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၏ ထူးခြားချက်မှာ စင်္ကာပူနိုင်ငံတွင် တက်ရောက် ရသော်လည်း ၎င်းတို့နှင့် ချိတ်ဆက် ထားသည့် အင်္ဂလန်၊ ဩစတြေးလျ၊ အမေရိကန် တက္ကသိုလ်များမှ ဘွဲ့များကို ကုန်ကျစရိတ်သက်သာစွာဖြင့် လေ့လာသင်ယူနိုင်ခြင်း ဖြစ်သည်။ ဘွဲ့ရရှိသည့်အခါ အဆိုပါနိုင်ငံများတွင် သွားရောက်ပညာသင်သည့် ကျောင်းသားများနှင့်ထပ်တူ ခွဲခြားထားမှုမရှိသည့် ဘွဲ့ လက်မှတ်များ ရရှိခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် ပညာရေးအဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာကျောင်းသားများအတွက် ပညာရေးဆိုင်ရာ အရည်အသွေးများ၊ ငွေ ကြေးဆိုင်ရာ ကိစ္စများအတွက် အကာအကွယ်ပေးနိုင်ရန် Council For Private Education ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းမှ ပုဂ္ဂလိက ပညာရေးအရည်အသွေးများကို စိစစ်ထိန်းချုပ်ကာ ကျောင်းများ၏ အရည်အသွေးအလိုက်
(1) EduTrust Star (4 Years)
(2) EduTrust (4 Years) နဲ့
(3) EduTrust (one Year – Provisional) ဟူ၍ လက်မှတ်များ ထုတ်ပေးထားသည်။

အဆိုပါလက်မှတ်ရရှိထားသောကျောင်းများသည် ကျောင်းသူ ကျောင်းသားများမှ ကျောင်းများသို့ ပေးသွင်းရမည့် ငွေကြေးများနှင့် ပတ်သက်၍ အကာအကွယ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးသည့် အစီအစဉ်များအပြင် ကျောင်းများ၏ အုပ် ချုပ်ရေး၊ စီမံခန့်ခွဲမှုအရေးနှင့် ပညာရေးအရည်အသွေးပိုင်းဆိုင်ရာ စစ် ဆေးကာ ကြီးကြပ်ခြင်းများကိုပါ လုပ်ဆောင်သည့်အတွက် အဆိုပါ EduTrust လက်မှတ်ရ ကျောင်းများသည် အရည်အသွေးနှင့် ပြည့်စုံ သည့် ကျောင်းများ ဖြစ်ကြသည်။ EduTrust Star သို့မဟုတ် EduTrust (4 Years) လက်မှတ်ရကျောင်းများကိုရွေးချယ် လျောက်ထားသင့်သည်။

စင်္ကာပူတွင် တစ်နှစ် သို့ မဟုတ် နှစ်နှစ် သင်ယူပြီး အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန် စသည့် နိုင်ငံများကို ဆက်လက် လျောက်ထားမည် ဆိုပါက၊ မိမိတို့ ဆက်လက် လျောက်ထားလို သည့် နိုင်ငံရှိတက္ကသိုလ်သည် စင်္ကာပူတွင်တက်ရောက်မည့်တက္ကသိုလ်နှင့် ခိုင်မာစွာ ချိတ်ဆက်ထားမှုရှိ မရှိစုံစမ်းစစ်ဆေးပြီးမှလျောက်ထားသင့်သည်။

အထူးသဖြင့် အင်္ဂလန်၊ အမေရိကန်၊ သြစတြေလျ ဘွဲ့များကို ကုန်ကျစရိတ်သက်သာ စွာအချိန်တိုတိုအတွင်း စင်္ကာပူတွင် တက်ရောက်သင်နိုင်ခြင်း၏ အဓိက အချက်မှာ စင်္ကာပူရှိကျောင်း များတွင် Semester System အစား၊ Trimester System ဖြင့် သင်ကြားသည့် အတွက် ဘွဲ့၊ ဒီဂရီများကို အချိန်တိုတိုအတွင်းရရှိခြင်းကြောင့်ဖြစ်သည်။ စာ သင်ကြားသည့်အချိန်ကို လျော့ချလိုက်ခြင်းကြောင့် မဟုတ်ပေ။ စင်္ကာပူတွင် ဘွဲ့ရယူပြီး အခြားနိုင်ငံကြီးများတွင် ဘွဲလွန်များ (MBA, MSc, PhD) စသဖြင့် ဆက်လက်သင်ယူလေ့လာနိုင်သည်။