ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာသင်ကြားရေးတွင် ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လွန်စွာနာမည်ကျော်ကြားသည်။ ဆွစ်ဇာလန် နိုင်ငံတွင် ကမ္ဘာ့အကောင်းဆုံး Hospitality Management School များရှိသည့်အပြင် ဟိုတယ်လုပ်ငန်းများ စီမံခန့်ခွဲသည့် မန်နေဂျာများကို လေ့ကျင့်သင်ကြားပေးရန် ပထမဆုံးကျောင်းများ စတင်ဖွင့်လှစ်ခဲ့သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံတွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဘာသာရပ်ကို Ceritficate အဆင့်မှ Master အဆင့်အထိ အလုပ်သင် အတွေ့အကြုံများဖြင့် လေ့လာသင်ယူနိုင်သည်။ ဥရောပနိုင်ငံများအတွင်း စာသင်ရင်း အလုပ်လုပ်ခွင့်ရသဖြင့် ရရှိလာသောအတွေ့အကြုံသည် ကျောင်းသား ကျောင်းသူများ၏ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများအတွက် များစွာ အထောက်အကူပြုသည့်အပြင် ခရီးသွားလုပ်ငန်းတွင်ဖြစ်စေ ၊ တစ်နိုင်တစ်ပိုင် ဟိုတယ်လုပ်ငန်း တည်ထောင်လိုသူများအတွက် ဖြစ်စေ များစွာ အထောက်အကူပြုသည်။

တက်ရောက်နိုင်သည့် ဘွဲ့များ

မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိ၏ ပြီးမြောက်ထားသည့် ပညာအရည်အချင်းအလိုက် Certificate, Diploma, Higher Diploma, Bachelor, Postgraduate Diploma, Master စသည့် program level အသီးသီးကို တက်ရောက်သင်ယူနိုင်ပါသည်။ ၁၀ တန်း အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ အနေဖြင့် International Hotel & Tourism Management, Hotel Event Management, Culinary Arts စသော Bachelor Degree များ ၊ ဘွဲ့တစ်ခုခုရရှိထားသူများအတွက် Postgraduate Diploma in Hospitality Management နှင့် ဘွဲ့ရရှိထားပြီး သက်ဆိုင်ရာလုပ်သက် (၂) နှစ် ရှိပါက Triple Award Master ဘွဲ့ဖြစ်သော MSc Hospitality and Tourism Management, MBA Hospitality Management နှင့် ဘွဲ့များ ကို လျှောက်ထားနိုင်ပါသည်။

Internship (အလုပ်သင်) အခွင့်အလမ်း

ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဘာသာရပ်ကို ဆွစ်ဇာလန်နိုင်ငံတွင် လေ့လာရခြင်း၏ အဓိက အားသာချက်မှာ Internships (အလုပ်သင်) အစီအစဉ်များဖြစ်သည်။ အခြေခံအဆင့်မှစ၍ အဆင့်တိုင်းတွင် စာတွေ့ (၆) လ နှင့် လစာရ အလုပ်သင် အဖြစ် ဆွစ်ဇာလန် ဟိုတယ်ကြီးများတွင် (၆) လ ကြာ လုပ်ကိုင်နိုင်သော Work Placement အစီအစဉ်များ ပါရှိသည်။ ကျောင်းသား၏ ကြိုးစားအားထုတ်မှု ၊ ဘာသာစကားကျွမ်းကျင်မှုပေါ်မူတည်၍ ဥရောပ နိုင်ငံများ အပါအဝင် အမေရိကန် ၊ ကနေဒါ နိုင်ငံများအထိ အလုပ်အလုပ်နိုင်ရန်လည်း စီစဉ်ပေးသည်။

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်

ဘွဲ့ကြိုအဆင့်လျှောက်ထားရန် IELTS အနည်းဆုံး 5.0 နှင့် ဘွဲ့လွန်အတွက် 5.5 (သို့) 6.0 ရရှိရန် လိုအပ်ပါသည်။ သို့ရာတွင် IELTS မပြင်ဆင်ရသေးသော ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းများ၏ English Placement Test ကို ဝင်ရောက်ဖြေဆိုနိုင်ပြီး သတ်မှတ်ထားသော အမှတ်ပြည့်မီပါက ကျောင်းဝင်ခွင့် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။