News

လူငယ်အများစုအနေနဲ့ MBA ဟာ MSc ထက်ပိုကောင်းတယ်လို့ထင်ကြလေ့ရှိပါတယ်။ မမှန်ပါဘူး။ အင်္ဂလန်စနစ် Regulated Qualification Framework (RQF) နဲ့ပြောမယ်ဆို အားလုံးဟာ MA / MSc / MTh / MBA / MEng / MSc တို့ဟာ Level 7 အဆင့်ပါ။

ဘယ်လိုလူတွေ M.Sc ယူသင့်လဲ?
ကိုယ်ကဘွဲ့တစ်ခုရပြီးသွားပြီ … ဥပမာ Business Management ဘွဲ့၊ Business Management ကို General သင်ယူပြီးတဲ့အခါ ကိုယ်စိတ်ဝင်စားတာ Marketing/PR ဘက်ကိုအထူးပြုချင်တာ၊ Banking & Finance ကိုအထူးပြုသွားချင်တာ၊ HR Professional အဖြစ် HR ကိုအထူးပြုလေ့လာချင်တာမျိုးဆိုရင် ဒီလိုဘာသာရပ်တွေကို အထူးပြုသင်ကြားတဲ့ M.Sc ကိုလေ့လာသင်ယူသင့်ပါတယ်။ အလုပ်အတွေ့အကြုံရှိဖို့မလိုပါဘူး။

ကိုယ်က BE Civil ကိုယူထားတယ်။ မိန်းကလေး တစ်ယောက်ဖြစ်တယ်၊ ပင်ပင်ပန်းပန်း Site ထဲတွေမှာ အင်ဂျင်နီယာအဖြစ်မလုပ်ချင်သေးဘူး။ M.Sc Engineering Management/ Project Management သင်ယူပြီး Civil နဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုအလုပ်တွေဘက်ကိုသွားလို့ရပါတယ်။ MSc Structure Engineering ဘက်လိုမျိုးလည်းသွားလို့ရပါတယ်။ ကိုယ်ယူထားတဲ့ တက္ကသိုလ်က UFL ကဘာသာစကားလိုမျိုး အခုမှ ကျောင်းပြီးတယ်၊ ဒါမျိုး MBA ကိုတန်းစဉ်းစားတာထက် Post Graduate Diploma/Certificate တစ်ခုခုခံ၊ အတွေ့အကြုံယူပြီးမှ MBA သွားရင်သွား၊ ဒါမှမဟုတ် အတွေ့အကြုံမရှိလဲ M.Sc တစ်ခုခုသွားလို့ရပါတယ်။

နောင်တစ်ချိန် Ph.D သွားမယ့်သူတွေဆို သက်ဆိုင်ရာနယ်ပယ်ကို အထူးပြုလေ့လာတဲ့ MSC ကတောင်ပိုသင့်တော်ပါသေးတယ်။ MSc လေ့လာသင်ယူသူက နယ်ပယ်တစ်က Subject ကိုအထူးပြုလေ့လာသင်ယူတာပါ။တစ်ချို့ MBA မှာ အထူးပြုဘာသာရပ်တွေနဲ့ပေးတယ်ဆိုတဲ့ နေရာမယ်၊ ဘယ်မေဂျာကို ဘယ်လောက် Credit Hours သင်ယူရလို့ အထူးပြုတာလဲဆိုတာသိဖို့လိုပါတယ်…

MBAကိုဘယ်လိုအခြေအနေမှာလေ့လာသင့်လဲ?
MBA ကိုလေ့လာသင်ယူမယ့်သူတွေကို ဘယ်လိုအဓိပါယ်တွေဖွင့်ဆိုကြလဲဆိုတော့၊ Master (နယ်ပယ်တစ်ခုခုကို ကျွမ်းကျင်နှံ့စပ်တဲ့အထိသွားတော့မှာ၊ ဘယ်လိုနယ်ပယ်လဲ of Business ၊ စီပွားရေးနဲ့ ပတ်သက်ပြီးတော့၊ ဝန်ဆောင်မှု၊ ထုတ်ကုန် တစ်ခုခုလုပ်ပြီး အမြတ်အစွန်းရအောင်လုပ်တဲ့လုပ်ငန်းတွေရဲ့ Administration အဲဒီစီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲမှုနယ်ပယ်ကိုအထူးပြုသွားတော့မှာ) ဆိုတော့ MBA ကို ဘွဲ့ရပြီးခါစလေးတွေ၊ ဘာအလုပ်အတွေ့အကြုံမှ မရှိသေးပဲ၊ ကိုယ့် အသက်မွေးဝမ်းကြောင်းမှုကိုတောင် ဖြောင့်ဖြောင့် မစဉ်းစားနိုင်သေးတဲ့အချိန်၊ လမ်းကြောင်းတစ်ခုခုပေါ်မရောက်သေးတဲ့အချိန်မျိုးမှာ သင်ကြားမယ်ဆိုရင် ထိရောက်သင့်သလောက်မထိရောက်နိုင်ဘူးလို့ (မတက်သင့်ဘူးလို့မဆိုလိုပါ) ဆိုနိုင်ပါတယ်။

နောက်ဘယ်လိုလူမျိုးတွေ MBA ယူသင့်လဲဆိုတော့ –

(၁) Career Change မယ့်သူတွေ …
ဆရာဝန်ဘွဲ့ရတယ်၊ ဒါပေမယ့် ဆေးကုတာဝါသနာမပါလို့ အရောင်းအဝယ်လုပ်တယ်၊ ဆေးဆိုင်ဖွင့်တယ်၊ အခြားစီးပွားရေးလုပ်တယ်။ အတွေ့အကြုံအလည်းအထိုက်အလျောက်ရှိတဲ့သူမျိုး…Computer နဲ့ကျောင်းပြီးတယ်၊ Computer Technician အဖြစ်အချိန်တစ်ခုအဖြစ်လုပ်ခဲ့ပြီး၊ စီပွားရေးဘက်၊ စီမံခန့်ခွဲမှုဘက်ပြောင်းချင်တဲ့သူမျိုး…ကိုယ့်အိမ်မှာ အလုပ်တွေအများကြီးရှိတယ်။ စက်ရုံတွေ၊ စတိုးဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ အနာဂါတ်မှာ ဘယ်လိုလုပ်ငန်းကို တိုးချဲ့ပြီး ဘယ်လိုလုပ်ငန်းကို အများနဲ့ပူးပေါင်းလုပ်ရမလဲသိဖို့၊ အမျိုးမတူတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်နင်းစွာကိုင်တွယ်လိုသူတွေ…

(၂) Own Business Startup …
အချိန်ကာလအတိုင်းအတာတစ်ခုအထိ၊ ဝန်ထမ်းလုပ်ခဲ့ပြီး၊ အဲဒီအတွေ့အကြုံတွေအပေါ်အခြေခံကာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုကိုစတင် လုပ်လိုတဲ့သူတွေ၊

(၃) Next to Management Level …
အလုပ်တစ်ခုမှာလုပ်နေတာ အချိန်ကာလ တစ်ခုအထိကြာပြီ၊ ဒီလုပ်ငန်းကနေ နောက်တဆင့်တက်ဖို့၊ ပိုပြီးစိန်ခေါ်မှုများတဲ့ တာဝန်တွေယူပြီး Challange ဖြစ်တဲ့ ပတ်ဝန်းကျင်၊ စိန်ခေါ်မှုတွေနဲ့
ပတ်ဝန်းကျင်ကို နောက်တစ်ဆင့်တက်လှမ်းသွားဖို့….ယေဘူယျအားဖြင့် ဒီလိုအခြေအနေမျိုးတွေမှာ MBAကိုလေ့လာသင်ယူသင့်ပါတယ်။

ဒါကြောင့် MBA သွားမယ်ဆို ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ Graduate Management Admission Test (GMAT) ဆိုတာတောင်းပါတယ်။ GMAT ကဘာကိုစစ်ဆေးတာလဲဆိုတော့ တာဝန်ကြီးကြီးယူရမယ့် စီမံခန့်ခွဲမှုနယ်ပယ်မှာ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ရှိသင့်တဲ့ problem-solving abilities တို့၊ logic, and critical reasoning skills real-world business, management success တို့သိချင်လို့စစ်တဲ့စာမေးပွဲပါ။ ကျူရှင်ကို ၂ လ ၃ လ တက်ပြီးဖြေရုံနဲ့ရတာမျိုးမဟုတ်ပါဘူး။ ဒီနေရာမှာ တစ်ချို့ Business School တွေဆိုရင် သူတို့ကျောင်းတက်ဖို့ ဘယ်လို့စီးပွားရေးလုပ်ငန်းတွေအောင်မြင်အောင်လုပ်ခဲ့ဖူးလဲဆိုတာမျိုးနဲ့ ဝင်ခွင့်ဆုံးဖြတ်တာမျိုးတွေတောင်ရှိပါတယ်။

MSc vs MBA မှာ ကိုယ့်အခြေအနေနဲ့ ကိုက်တာသိအောင်လုပ်ပြီးမှ သင့်တော်တာကို လေ့လာသင်ယူဖို့ပါ။ ဘယ်ဟာက ပိုမြင့်တယ်၊ ကောင်းတယ်ပြောဖို့မသင့်ပါ။