News

တကယ်တမ်းတော့ ပညာရေးဆိုတာ ဘဝရဲ့ တာဝေးအပြေးပြိုင်ပွဲတစ်ခုပါပဲ… တစ်ချိန် ရည်မှန်းထားတဲ့ ပန်းတိုင်ကို အခက်အခဲမရှိ ဝင်နိုင်ဖို့အတွက် သက်လုံအားကောင်းကောင်း ရှိထားဖို့ လိုပါတယ်။ ဒီအတွက် –

ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့အရာကို သိရှိအောင် ကြိုးစားပါ…
ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာကို တချို့တွေက အသက်(၁၆)နှစ်ကစပြီး သိသွားကြတာရှိသလို…အသက်(၃ဝ)လောက်ရောက်မှ သိလာမြင်လာတာတွေရှိပါတယ်။ အသက်အရွယ်အလိုက် အသိအမြင်တွေကလည်း မတူနိုင်တာကြောင့် ဘယ်အရာက ကိုယ်တကယ်စိတ်ဝင်စားတယ်…ဘာကိုလေ့လာရတာကို ခုံမင်တယ်ဆိုတာကို သိရှိနိုင်အောင် လူအများနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ ကြိုးစားပါ…စာများများဖတ်ပါ…အားလပ်ချိန်တွေကို အလဟသ မကုန်ဆုံးပါစေနဲ့…

လုံလောက်တဲ့ ဝမ်းစာ ဖြည့်ထားပါ….
ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာ (ပညာရပ်)ကို သိရှိပြီးပြီဆိုရင်တော့ ပညာရပ်တစ်ခုဟာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်မရှိတာကြောင့် အသစ်သစ်သော ပညာရပ်တွေကို အချိန်နဲ့အမျှ လေ့လာသင်ယူပါ…အားထုတ်ကြိုးစားပါ..

အသုံးကျတန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေရှာပါ…
လူငယ်တော်တော်များများဟာ ဘွဲ့ရတာနဲ့ အလုပ်ရတာကို တဆက်တည်းစဉ်းစားလေ့ရှိကြပါတယ်။ တကယ်တော့ တက္ကသိုလ်ကပေးတဲ့ ပညာဆိုတာ၊ ဘယ်လို အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ်မှာ ရပ်တည်ရမယ်ဆိုတာကို ညွှန်ပြရုံလောက်ပဲလို့ဆိုပါတယ်။ အဲဒီပညာရပ်တစ်ခုကို တကယ့်လောကထဲမှာရပ်တည်နိုင်ဖို့ကိုတော့ သပ်သပ်ဖြည့်ဆည်းလေ့လာကြရပါတယ်။ ဒါကြောင့် တက္ကသိုလ်တက်နေစဉ်ထဲက Volunteering အလုပ်တွေကို အခွင့်သင့်သလိုလုပ်ကိုင်ရင်း ကိုယ့်ရဲ့ တကယ့်စွမ်းဆောင်နိုင်ရည်တွေ၊ လိုအပ်ချက်တွေ သိအောင်ထပ်ဖြည့်စီးလေ့လာသင်ယူသင့်တာတွေ သင်ယူဖို့ပြင်ဆင်ကြရတယ်။

အမှားတွေလုပ်ပါ၊ ပြီးတော့ အဲဒီကနေ သင်ခန်းစာယူပါ…
ယဉ်ကျေးမှုနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ခေတ်ကြောင့် ဒီကလူငယ်တော်တော်များများဟာ အမှားလုပ်မိမှာကြောက်လာကြတယ်။ ဘဝမှာ အရာရာ ဟာ အသစ်တွေကြီးပါပဲ။ စွန့်စားမှုမပါတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ဒီဘက်ခေတ်ထဲမှာ လူငယ်တွေ ရပ်တည်ရှင်သန်ဖို့ မလွယ်ကြတော့ဘူး။ ဒီအတွက် လူငယ်တစ်ယောက်အနေနဲ့ စွန့်စားသင့်တဲ့အခါ စွန့်စားရမှာပဲ၊ အမှားတွေလည်း တွေ့လာမှာပဲ၊ တူညီတဲ့အမှားတွေမဖြစ်ဖို့တော့လိုတာပေါ့… အဲဒီကတဆင့်လေ့လာသင်ယူပြီးရှေ့ဆက်ခြင်းသာ အကောင်းဆုံးသင်ယူခြင်းလို့ဆိုပါတယ်။

ဘဝတစ်သက်လုံးလေ့လာသင်ယူဖို့ လေ့ကျင့်ပါ…
အနာဂါတ်မှာ ဘယ်လိုအလုပ်အကိုင်တွေဖြစ်လာမယ်၊ ဘယ်လိုအလုပ်အကိုင်တွေပျောက်သွားမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ တကယ်လို့ ကိုယ့်လေ့လာသင်ယူထားတဲ့အသက်မွေးဝမ်းကြောင်းမှုဟာ တစ်ချိန်ချိန်မှာ ခေတ်မမှီတော့ဘူး၊ လူတွေမသုံးကြတော့တဲ့ ပညာရပ်ဖြစ်သွားမယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေစွာ ရှင်သန်နိုင်ဖို့ အသစ်ပညာတွေ လေ့လာသင်ယူဖို့လည်း အသင့်ပြင်ဆင်ထားရပါမယ်။ အနာဂါတ်ကို ဘယ်သူမှ တိတိကျကျမခန့်မှန်းနိုင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ အမြဲမပြတ် လိုအပ်နေတဲ့ ပညာတွေသင်ယူနေဖို့ မျက်ခြေမပြတ်သင့်သလို၊ ပြောင်းလဲလာမဲ့ အနာဂါတ်နဲ့ ကိုယ့် နဲ့ ကိုက်နေအောင် အသစ်အသစ်သော ပညာတွေကို လေ့လာဆည်းပူးနိုင်ဖို့လည်း အသင့်ဖြစ်နေသင့်ပါတယ်။

CROWN Educationအနေဖြင့် ကျောင်းသား၊ကျောင်းသူများ နှင့် မိဘများအတွက် ပညာရေးဆိုင်ရာအကြံပေးခြင်းများ၊ ပြည်တွင်းမှ တဆင့် နိုင်ငံတကာတက္ကသိုလ်များသို့ချိတ်ဆက်တက်ရောက်နိုင်ရန် ပြင်ဆင်ပေးခြင်းများအပြင် နိုင်ငံတကာကျောင်းများသို့ ကျောင်းလျှောက်ထားပေးခြင်းများကို (၂ဝဝ၉) ခုနှစ်မှ စတင်ကာ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ယနေ့တိုင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။